ကော့သောင်း သြဂုတ် ၂၃
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောကလေးများ အသက်(၂)နှစ်အထိငွေကြေးထောက်ပံ့မှုလုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ချို့တွင် ဆောင်ရွက်ပေးလျက်ရှိရာ ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ဒေသများအပြင် ကိုဗစ်-၁၉ ကာလအတွင်း ထပ်မံတိုးချဲ့ထောက်ပံ့ပေးသည့် အစီအစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်တွင် ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးများကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ထုတ်ပေးရာတွင် ခရိုင်အတွင်း ကိုယ်ဝန်ဆောင်မိခင်များ စာရင်းကောက်ယူမှုကာလအဖြစ် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ(၁)ရက်နေ့မှ စက်တင်ဘာလ (၁၅)ရက်နေ့အထိအတွင်း သတ်မှတ်ကောက်ယူ လျက်ရှိပြီး အဆိုပါ ကာလအတွင်းကိုယ်ဝန်ရှိကြောင်း ကျန်းမာရေးဌာန၏အထောက်အထားများ၊ တရားဝင် မှတ်ပုံတင်ထားသည့်ပုဂ္ဂလိက ဆေးရုံဆေးခန်းများ၏ အထောက်အထားများဖြင့် လာရောက်ဆက်သွယ်လျှောက်ထားသည့် မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဦးလျှင် ထောက်ပံ့ငွေ ၃၀၀၀၀ကျပ်ကို မိုဘိုင်းငွေလွဲစနစ်ဖြင့် ကော့သောင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်အေးနှင့်ဝန်ထမ်းများက လူမှု ဝန်ထမ်းဦးစီးဌာနရုံးတွင် ထောက်ပံ့ထုတ်ပေးခြင်းဖြစ်သည်။
ယင်းသို့ထောက်ပံ့ထုတ်ပေးရာတွင် သတ်မှတ်အထောက်အထားအပြည့်အစုံဖြင့် ကော့သောင်းခရိုင် လူမှုဝန်ထမ်းရုံးတွင် လာရောက်လျှောက်ထား ဆက်သွယ်စာရင်းပေးသွင်းထားသူ ကိုယ်ဝန်ဆောင်မိခင်(၁၉၆)ဦးရှိကြောင်း လည်း သိရသည်။
ကျော်စိုး (ကော့သောင်း)