ရန်ကုန် ဒီဇင်ဘာ ၁၈
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်အတွင်း သန့်ရှင်းသာယာ လှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့တော်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း တာမွေမြို့နယ်အတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား)ဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ် မအူကုန်းရပ်ကွက်ရှိ မအူကုန်းလမ်းကျယ်တစ်လျှောက် ကတ္တရာလမ်းအမျိုးအစား ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ မအူကုန်းလမ်းကျယ်တစ်လျှောက် ကတ္တရာလမ်းအမျိုးအစား ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ (လမ်းနှင့်တံတား)ဌာနမှ တာဝန်ရှိသူတစ်ဦးက ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
“ဒီမအူကုန်းလမ်းကျယ်ဟာဆိုရင် ကျွန်မတို့ ဒေသခံပြည်သူများသာမက ရန်ကုန်မြို့ရဲ့ အဓိကလက္ကား စျေးကြီးတွေဖြစ်တဲ့ ရွှေပြည်စုံစျေး၊ မင်္ဂလာစျေး၊ ယုဇနပလာဇာတို့ကို ကုန်ပစ္စည်းတွေလာရောက် ပို့ဆောင်တဲ့ ယာဉ်တွေ နေ့စဉ် အသုံးပြုတဲ့ မြို့နယ်ရဲ့ အဓိကအချက်အချာကျတဲ့ လမ်းမကြီးတစ်ခုပါ။ ယခင်က ဒီလမ်းဟာ ပျက်စီးယိုယွင်းနေပြီး ချိုင့်ခွက်တွေဖြစ်နေတဲ့အတွက် မိုးရာသီရောက်လို့ မိုးရွာသွန်းတဲ့အခါ ဒီချိုင့်ခွက်တွေထဲက ရေတွေဟာ စီးဆင်းမှုမရှိဘဲ တင်ကျန်နေတတ်ပါတယ်။ အဲလိုဖြစ်တဲ့အခါကျတော့ ကျွန်မအပါအဝင် လမ်းအသုံးပြုသူတွေနေနဲ့ ရွံ့ဗွက်အိုင်တွေကို ရှောင်ပြီးသွားရတော့ ယာဉ်အန္တရာယ်နဲ့ မကြာခဏဆိုသလို ကြုံတွေ့ရပါတယ်။ အခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကတ္တရာလမ်းသစ်ကြီးကို ခင်းကျင်းပေးတဲ့အတွက် ကျွန်မတို့ပြည်သူတွေ ယခင် ကထက် သွားလာရေးတွင် အဆင်ပြေချော့မွေ့လာနိုင်မှာဖြစ်သလို ယာဉ်အန္တရာယ်မှလည်း ကင်းဝေးသွားနိုင်လိမ့် မယ်ဆိုတာ ယုံကြည်မိပါတယ် ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မအူကုန်းလမ်းကျယ်တစ်လျှောက် ဆောင်ရွက်လျက်ရှိသော ကတ္တရာလမ်းမှာ အရှည်ပေ(၁၃၄၀)၊ အကျယ် (၁၉)ပေ၊ အမြင့်(၂)လက်မထုရှိပြီး တန်ချိန် (၄၀၁)တန်ဖြင့် ထပ်ပိုးလွှာခင်းခြင်းဖြစ်ကာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ခြောက်လတာ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား)ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)