ခရမ်းမြို့နယ်အတွင်း သက်မှတ်ထားသည့် မဲရုံများအား မြေပြင်လက်ရှိအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ခရမ်း ဩဂုတ် ၂၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက် ပွဲကြီးတွင် မဲရုံများအဖြစ်အသုံးပြုမည့်စာသင်ကျောင်းများနှင့် အဆောက်အဦးများ၏ မြေပြင်လက်ရှိအခြေအနေနှင့် ပြင်ဆင်ရမည့်အခြေအနေများကို ယမန်နေ့နံနက် ၈ နာရီကမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ခရမ်းမြို့ပေါ် ရပ်ကွက်(၁၃) ခုနှင့် ကျေးရွာအသီးသီးတို့တွင် မဲရုံများအဖြစ် ဆောင် ရွက်ရန် ရွေးချယ်ထားသည့် စာသင်ကျောင်းများ၏ မြေပြင်လက်ရှိအခြေအနေနှင့် ပတ်ဝန်းကျင်အခြေအနေများ လုံခြုံရေးအတွက် ဆောင်ရွက်ရမည့်အချက်အလက်များ ယခုအခါ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရော ဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ မဲပေးနိုင်ရေးအတွက် ပြင်ဆင်ရမည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ‌သက်ဆိုင်ရာကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်း ကျေးရွာအုပ်စု (၅၃) အုပ်စုနှင့်ရပ်ကွက် (၁၃)ရပ်ကွက်ရှိပြီး မဲရုံ စုစုပေါင်း(၂၀၄)ရုံတွင် ဆန္ဒမဲပေးမည်သူစုစုပေါင်း (၁၂၆၀၀၀) ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရှိရသည်။

ကိုမင်း(ခရမ်း)