ပင်းတယ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ဒီဇင်ဘာ(၁၄)ရက်မှ (၁၆) ရက်နေ့အထိ တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၃၇) မြို့နယ်မှ အားကစား သမားပြိုင်ပွဲဝင် အသင်း(၃၇)သင်း၊ ပြိုင်ပွဲဝင်အားကစားသမားပေါင်း (၄၃၈)ဦး ပါဝင် ယှဉ်ပြိုင်ကြရာ ပင်းတယမြို့နယ် ကိုယ်စားပြုအားကစား အဖွဲ့က တံခွန်စိုက်ဒိုင်း၊ (ပထမ) ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ၌ ပင်းတယမြို့နယ်အသင်းမှ ပြိုင်ပွဲဝင် ပြေးခုန်ပစ် အားကစားသမားကျား(၈) ဦး၊ မ (၈)ဦးနှင့် အုပ်ချုပ်သူနည်းပြ (၃) ဦး၊ စုစုပေါင်း (၁၉) ဦး လိုက်ပါပြီး သွားရောက်ယှဉ်ပြိုင်ခဲ့ရာ အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ် (ကျား)ပြိုင်ပွဲတွင် ပထမဆုအားလည်းကောင်း၊ အသက်(၁၈) နှစ်အောက်ပြေးခုန်ပစ် (မ) ပြိုင်ပွဲတွင် ဒုတိယဆု အားလည်းကောင်း၊ စုစုပေါင်းရမှတ် (၈၄) မှတ်ဖြင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား၊ တံခွန်စိုက်ဒိုင်း (ပထမ) ဆုအားဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်ထံမှ သိရသည်။
အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲမှ ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက်သည့် လက်ရွေးစင် အားကစားသမားများကို ရွေးချယ်၍ နေပြည်တော်တွင် ၂၀၂၂ ခုနှစ် ဇန်ဝါရီလ (၂၅)ရက်နေ့ မှ (၂၇) ရက်နေ့အထိ ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်ပြေးခုန်ပစ် ပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
အေးအေးလတ်