ရမည်းသင်းမြို့နယ်အတွင်းလူစည်ကားရာနေရာမြို့မဈေး၊ရပ်ကွက်များနှင့်ကျေးရွာထိ ကွင်းဆင်း၍ ပန်းခင်းစီမံချက်အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေပေး

ရမည်းသင်း    ဒီဇင်ဘာ ၁၇

 မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းမြို့နယ်တွင်    ပြည်သူများ ပန်းခင်းစီမံချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပူးပေါင်းပါဝင်လာစေရန် ယနေ့ နံနက် ၈ နာရီခွဲ မြို့ပေါ်လူစည်ကား ရာနေရာမြို့မဈေးတွင် ပန်းခင်းစီမံချက်အသိပညာပေး LED မော်တော်ယာဉ်ဖြင့်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ထွန်းနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးမှ  ခရိုင်/မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့မဈေးကြီးအတွင်းအပြင်ရှိဈေးရောင်း၊ ဈေးဝယ်များ အား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပန်းခင်းစီမံချက်အသိပညာပေး ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်ရှိရွှေစည်းခုံ ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့ရှိ ပြည်သူများအား အသိပညာပေးနှိုးဆော်ကာ လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး နံနက်၁၀နာရီခွဲ၌ သိမ်ကုန်းကျေးရွာရှိ ပြည်သူများအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ 

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင်  ပန်းခင်းစီမံချက်ဖြင့်   ဆောင်ရွက်ပေးလျက်ရှိ သောလုပ်ငန်းများ၊ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့၊ ပြည်ထောင်စုဝန်ကြီး၏ ပန်ကြား လွှာ၊ ပန်းခင်းစီမံချက်ကာလစသည်ဖြင့်ပန်းခင်းစီမံချက်ဆိုင်ရအချက်အလက် များစွာပါဝင် ကြောင်းသိရသည်။

 ရမည်းသင်းမြို့နယ်တွင်  ပန်းခင်းစီမံချက်သတ်မှတ်ကာလ  ၁၈ လအတွင်း လျာထားဦးရေ  ၁၄၇၉၀ ဦးရှိကြောင်း သိရပြီးမြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးခြင်း နှင့်ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ(၁၅)ရက်နေ့အထိ ပန်းခင်းစီမံချက် ကာလ၌ ပြည်သူ(၇၆၁၇)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ခဲ့ပြီး အိမ်ထောင်စု (၁၀၂၁) ကို အိမ်ထောင်စုလူဦးရေဇယား ထုတ်ပေးပြီးဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရသည်။

ဇော်ဝင်းအောင်