တန့်ယန်းမြို့နယ်တွင် မြို့သာယာလှပစေရေးအတွက် မြန်မာ့ရိုးရာဆွမ်းအုပ်ပုံ တည်ဆောက်နေ

တန့်ယန်း ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(​မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့သာယာလှပစေရန်နှင့် ပြည်သူများ စိတ်အပန်းပြေစေ နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ပန်းခြံများ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ကွင်းများ၊ လမ်းဆုံများနှင့် လမ်းဘေးဝဲယာတို့တွင် အမြင်တင့်တယ်စေရန် မြေယာရှုခင်းနှင့် ပန်းအလှစိုက်ခင်းများကို ဆောင်ရွက်ပေးနေရာ ဗိုလ်ချုပ်လမ်းမကြီးနှင့် အမှတ်(၁၀)ရပ်ကွက် လမ်းဆုံနေရာ၌ မြန်မာမှုလက်ရာတို့ဖြင့် မြန်မာ့ရိုးရာ ဆွမ်းအုပ်ပုံကို တည်ဆောက်နေ လျက်ရှိသည်။

အဆိုပါ မြန်မာ့ရိုးရာ ဆွမ်းအုပ်ပုံ တည်ဆောက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆင့် တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများက ယနေ့နံနက် ၁၀ နာရီက ကြည့်ရှုရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ရှိသူက မြန်မာ့ရိုးရာဆွမ်းအုပ်ပုံကို မြန်မာမှုလက်ရာတို့ဖြင့် ဆောင်ရွက်နေမှုအား ပြသ၍ မြေယာရှုခင်းအလှပါ ထည့်သွင်းနိုင်ရန် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယခု တည်ဆောက်နေသော အမြင့် (၁၂) ပေရှိ ဆွမ်းအုပ်ပုံအား မြန်မာ့ရိုးရာ မြန်မာမှုလက်ရာတို့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး တင့်တယ်လှပစေရန် မြေယာရှုခင်းအလှကိုပါ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)