တာမွေမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူများ အနေဖြင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မား လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီ စာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အတွင်းရှိ အခြေခံပညာ မူလတန်း/အလယ်တန်း/အထက်တန်းအဆင့် ကျောင်းသား/သူလေးများ စိတ်အားထက်သန်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာ ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး ခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သော အခြေခံပညာ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ၊ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိင်ပွဲနှင့် ပိုစတာပြိုင်ပွဲ၊ အခြေံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် မြို့နယ်အဆင့် ဆုရရှိသူများအား ၂၀၂၁-ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ပြီး အဆိုပါ မြို့နယ်အဆင့် ပြိုင်ပွဲတစ်ခုချင်းစီတွင် ပထမဆု ရရှိသူတစ်ဦးကိုသာ ၂၀၂၁-ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် အ-ထ-က သုဝဏ္ဏ၌ တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ခရိုင်အဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် အ-ထ-က(၂)လသာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)