သီပေါမြို့နယ်တွင် ဆီမုန်လာစမ်းသပ်ကွက် သရုပ်ပြပွဲ ပြုလုပ်ဆောင်ရွက်

သီပေါ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသော  ဆီမုန်လာ(မုံလာဥဖြူ) စမ်းသပ်စိုက်ကွက် သရုပ်ပြခြင်းကို ပန်စောက်မိန်းကျေးရွာ သီပေါဥယျာဉ်ခြံမြေတွင်  ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းမှ အမှာစကားပြောကြားခဲ့ပြီး သီပေါဥယျာဉ်ခြံတာဝန်ခံ ဒုတိယဦးစီးမှူး ဦးမောင်မောင်ဦးက ယခုနှစ်တွင် တောင်သူများ တပိုင်တနိုင် စီးပွားဖြစ် စိုက်ပျိုးနိုင်သော ဆီမုံလာ ၁၆ ဧကကို ဒေသတွင်း ဆီဖူလုံစေရန် ရည်ရွယ်၍  စတင်စမ်းသပ် စိုက်ပျိုးထားရှိကြောင်း၊ ဆီမုံလာစိုက်ပျိုးနည်းများအကြောင်း၊ ဆီမုန်လာဆီ စားသုံးခြင်းဖြင့် ရောဂါဘယကင်းရှင်းခြင်း၊ ၎င်းအား စိုက်ပျိုးခြင်းဖြင့်  စိုက်စရိတ်နည်းပြီး စိုက်ပျိုးနည်း လွယ်ကူရှင်းလင်း၍ တောင်သူများအကျိုးအမြတ်မြင့်မားစေခြင်း စသည်တို့ကို ရှင်းလင်း တင်ပြခဲ့ပြီးနောက် တက်ရောက်လာသူများမှ သိရှိလိုများကို မေးမြန်းခဲ့ရာ ဥယျာဉ်ခြံတာဝန်ခံနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း  သိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ သီပေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် အဖွဲ့ဝင်များ၊  စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်လေး (သီပေါ၊ပြန်/ဆက်)