ရပ်စောက်၌ လမ်းသွားလမ်းလာပြည်သူများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (အခမဲ့) ရှောင်တခင်စစ်ဆေး

ရပ်စောက် ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ လမ်းသွားလမ်းလာများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင် စစ်ဆေးပေးခြင်းကို ဥတ္တံတားရပ်ကွက်၊ ရေကြည်ချောင်းအနီး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်များရှိ လူစည်ကားရာနေရာများနှင့် မြို့ဝင်/မြို့ထွက် ဂိတ်များတွင် လမ်းသွား လမ်းလာ ပြည်သူများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (အခမဲ့) ရှောင်တခင် စစ်ဆေးခြင်းများကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ပိုးတွေ့ရှိမှုနှုန်း ယခင်က ၃၃ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ယခု သုည ဒသမ ၂ ရာခိုင်နှုန်းသာ တွေ့ရှိတော့သည့်အတွက် ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ယခင်ကထက်ပိုမိုကျဆင်း လာကြောင်းနှင့် မြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြု လူနာ စုစုပေါင်း (၃၂၃၉) ဦး၊ ပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူစုစုပေါင်း (၃၁၆၀) ဦး၊ ဆေးကုသမှုခံယူလျက်ရှိသူဦးရေ စုစုပေါင်း (၁၀) ဦးနှင့် သေဆုံး လူနာစုစုပေါင်း (၆၆) ဦးရှိကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)