ပင်လောင်းမြို့မစျေးအတွင်း ဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ပင်လောင်း      ဒီဇင်ဘာ     ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်း ဆိုင်ခန်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ထားမှု ရှိ/မရှိ ကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးထွန်းလင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးဝေလင်းအောင်၊ အဖြူရောင်လူငယ်ပရဟိတ အဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့သည် မြို့မစျေးအတွင်း စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ မြို့မစျေးအတွင်း စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများ ထားရှိခြင်းရှိ/ မရှိ စစ်ဆေးခြင်း ၊ အရေးပေါ်အဝင်ထွက်လမ်းများ သတိပေးဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိခြင်းရှိ၊ မီးသတ်ရေစုကန် ဆောင်ရွက်ထားခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြပြီး မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးဝေလင်းအောင်က စျေးဆိုင်ခန်းများမှ စျေးရောင်း ချသူများအား မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး သတိမူရမည့် အချက်များနှင့် အရေးပေါ် မီးသတ်ဆေးဘူး အသုံးပြုပုံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ပင်လောင်း)