ညောင်ရွှေ ဩဂုတ် ၂၃
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ပြုစုရေး၊ မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် မြေပြင်ကွင်းဆင်း စိစစ် ရေးအဖွဲ့များက တစ်အိမ်တက်၊ တစ်အိမ်ဆင်းစနစ်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများသို့ မြေပြင် ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစိစစ်ကြီးကြပ်ရေးအဖွဲ့ ၁၂ဖွဲ့ ဖွဲ့စည်း၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ ဆန္ဒမဲ စာရင်းပါ အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင် ပါ၊ မပါ စစ်ဆေးခြင်း၊ မဲစာရင်းတွင် ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး၊ မဲစာရင်းတွင် အမည် မပါဝင်သူများ လျှောက်ထားနိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်းများ ပါဝင် နေပါက ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်မှားယွင်းမှုများရှိပါက ပြင်ဆင်လျှောက်ထား နိုင်ရေးတို့ကို တစ်အိမ်တက်ဆင်း သွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများနှင့် တိုက်ဆိုင်စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ညောင်ရွှေမြို့နယ်၌ မဲဆန္ဒရှင်စာရင်း မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုများကို ဩဂုတ် ၁၉ ရက်မှစ၍ တစ်အိမ်တက်၊ တစ်အိမ်ဆင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင်ဦးရေ ၁၃၃၉၆၂ဦး၊ လျာထားမဲရုံ အရေ အတွက် ၁၄၃ ရုံရှိပြီး မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ ၉၅၁၁၀ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
(နေမျိုးသူရိန်)