နောင်တရားဒေသ ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာများသို့ ပြောင်းခြွေစက်နှင့် လက်လှည့်ချွေစက်ပေးအပ်

နောင်တရား ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား ဒေသအတွင်းရှိ ရေရှည်တည်တံ့သော အစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာများသို့ မယ်ဖားလုံ ဖောင်ဒေးရှင်းနှင့် စီပီကုမ္ပဏီတို့မှ ထောက်ပံ့ပေးအပ်သည့် ပြောင်းခြွေစက်နှင့် လက်လှည့် ချွေစက်များကို ယနေ့နံနက်ပိုင်းတွင် လွယ်မောကျေးရွာအုပ်စု၊ ကွန်ချဉ်ကျေးရွာ၌ ပေးအပ်သည်။

နောင်တရာမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးစိုင်းချမ်းမြေ့ဝင်းက မိမိတို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများက ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားပြီး ဖွံ့ဖြိုး လိုသည့် စိတ်ဆန္ဒရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည့်တံမည်ဖြစ်ကြောင်း၊ ရေရှည် တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းကို တာဝန်ခံဆောင်ရွက်ပေးနေသည့် ဦးခွန်စော အောင်က အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် အုပ်စုများဖွံဖြိုးရေးလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းရန် ဆွေးနွေးခဲ့သည်။

နောင်တရားဒေသ၏ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်နေသည့် ပေါ့အင်ကျေးရွာအုပ်စုနှင့် လွယ်မောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာရှစ်ရွာအတွက် မယ်ဖားလုံဖောင်ဒေးရှင်းနှင့် စီပီကုမ္ပဏီတို့မှ ပြောင်းခြွေစက် လေးလုံး နှင့် အင်ဂျင်စက်လေးလုံး၊ လက်လှည့်ပြောင်းခြွေစက် ၅၉ ခုကို ပြောင်စိုက်ပျိုးတောင်သူများ အရည်အသွေးပြည့်ဝသည့် ပြောင်းဆံရရှိနိုင်ရေး အတွက် ရည်ရွယ်ထောက်ပံ့ပေးအပ်သည်။

အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေသည့် ပေါ့အင်ကျေးရွာအုပ်စု၊ မွေးပြင်ကျေးရွာ အုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု တစ်စုတွင် တစ်နှစ်ပျမ်းမျှဝင်ငွေ ကျပ်သိန်း (၄၀) ရရှိရေး ရည်ရွယ်၍ အစားထိုးဖွံဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကျေးရွာလေးအုပ်စုအတွင်းတွင် စာသင်ကျောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် ဒေသတွင်းတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သင်တန်းများကိုလည်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)