ရွှေကူမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု ၂၆ စုအား ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

ရွှေကူ     သြဂုတ် ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေများ ဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ဆောင်ရွက်ထားရှိသော ရေဘေးသင့်အိမ်ထောင်စုများအား ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ကယ်ဆယ်ရေးစခန်းထားရှိရာနေရာများ၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ ဦးနေဆန်းလင်း၊ ဦးကျော်သူနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်ရေများ ဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ ဆောင်ရွက်ထားရှိသော ရွှေကူမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု (၂၆) စုရှိ လူဦးရေ (၁၁၉) ဦးအား  နှာခေါင်းစည်း(Mask) ၁၁၉ ခု၊ ဆပ်ပြာချောင်း (၂၆) ချောင်းနှင့် အိမ်ထောင်စုတစ်စုမှ တစ်ဦးလျှင် ဆန်ဖိုးငွေ ၂၁၀၀ နှုန်းဖြင့် လူဦးရေ (၁၁၉) ဦးအတွက် ထောက်ပံ့ငွေ (၂၄၉၉၀၀) ကျပ်အား ရေဘေးသင့်ပြည်သူများထံ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရွှေကူမြို့နယ်တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေများဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ဆောင်ရွက်ထားရှိသော ရေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများက သူဌေးတောရဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုရားနှင့်မြဝတီဘုန်းတော်ကြီးကျောင်းတိုက်တို့တွင် ပြောင်းရွှေ့နေရာချထားခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)