ပိုင်ကျုံ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကစိုကျေးရွာအုပ်စု ကစိုကျေးရွာ ကရင်နှစ်သစ်ကူး ဘောလုံး အားကစားကွင်း၌ ယမန်နေ့နံနက် ၇ နာရီက (၂၃) ကြိမ်မြောက် ကရင်နှစ်သစ်ကူး အထိမ်း အမှတ် ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲတွင် ပိုင်ကျုံမြို့ပေါ်နှင့် ကျေးရွာများမှ ပါဝင်ယှဉ်ပြိုင် ကစားကြမည့် အားကစားသမားများမှ အားကစားကွင်း၌ နေရာယူခြင်း၊ အားကစား အဓိဌာန်ရွတ်ဆိုခြင်း၊ စစ်ကြောင်း ပုံဖြင့် ချီတက်အလေးပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် (၂၃)ကြိမ်မြောက် ကရင်နှစ်သစ်ကူး အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ အကြံပေးကွပ်ကဲရေး ဗိုလ်မှူးကြီးစောကြာအင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ အားကစားသမားကောင်း များ ပေါ်ထွန်း လာစေရေးနှင့် ကောင်းသောစိတ်ဓါတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်၊ အားကစားသမားများ၏ စည်းမျဉ်း စည်းကမ်းများအား လိုက်နာကြရန်စသည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် ပိုင်ကျုံမြို့ပေါ်နှင့်ကျေးရွာများမှ ပါဝင်ယှဉ်ပြိုင် ကစားကြမည့် အားကစား ဘောလုံးအသင်း (၃၂) သင်းယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)