ရပ်စောက် ဩဂုတ် ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းသည် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရပ်စောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ရုံးခန်းတွင် ရပ်စောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း လုံလုံခြုံခြုံမဲပေးနိုင်ရေးအတွက် အုပ်စုခွဲ၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့သော်လည်း တိကျမှန်ကန်သော မဲစာရင်းအဖြစ် ရရှိရန် အားနည်းချက်များရှိနေသေးကြောင်း၊ လာမည့်အောက်တိုဘာလတွင် ဒုတိယအကြိမ် မဲစာရင်းများပြည့်စုံမှန်ကန်စွာ ကြေညာကပ်ထားပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသာမက ဝန်ထမ်းတိုင်း ပူးပေါင်းပါဝင်ပြီး ဝိုင်းဝန်းကြိုးစားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရပ်စောက်မြို့နယ်အတွင်းရှိ ဈေးတန်းရပ်ကွက်နှင့် မြို့ဦးရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ကောင်းဘိုကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)