ကျောက်ပန်းတောင်း ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးရောင်း/ဈေးဝယ်များ နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိနှင့် ကျန်းမာ ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို၊ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့မစည်ပင်သာယာဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသက်ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းလှိုင်၊ မြို့နယ်စည်ပင်သာယာကော်မတီအဖွဲ့ဝင် ဦးဝင်းမြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးချမ်းငြိမ်းနှင့်မြို့မဈေးကြီး အကျိုးတော်ဆောင်များ၊ ဈေးဝန်ထမ်းများလိုက်ပါလျက်၊ ဈေးအတွင်း ရောင်းချလျက်ရှိကြသည့် ဈေးသည်များနှင့် ဈေးဝယ်လာသူများ နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး မြို့နယ်ဆရာဝန်ကြီးက ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါမှာ ဒုတိယလှိုင်းအဖြစ် စတင်ဖြစ်ပွားနေသည့်အနေအထားဖြစ်ကြောင်းနှင့် ယခင်ကထက်ကူးစက်မှု ၁၀ ဆ ပိုမိုမြန်ဆန်သည့် ရောဂါပိုးဖြစ်သဖြင့်၊ အထူးဂရုစိုက်ကြရမှာဖြစ်ကြောင်း၊ နှာခေါင်းစည်းများကို မဖြစ်မနေတပ်ဆင်သွားလာကြရန်နှင့် မကြာခဏလက်ဆေးခြင်း၊ လူစုလူဝေးအတွင်း သွားလာမှုကို ရှောင်ရှားခြင်းများကို မဖြစ်မနေလိုက်နာကြစေလိုကြောင်း ပညာပေးဟောပြောသည်။
အဆိုပါ အသိပညာပေးဟောပြောမှုများဆောင်ရွက်ပြီးပါက ဈေးကြီးအတွင်း နှာခေါင်းစည်းတပ်ဆင်မှုမရှိဘဲ ဈေး ရောင်းချသည့်ဆိုင်များအား အရေးယူခြင်းနှင့် နှာခေါင်းစည်း (Mask) မပါရှိပါက ဈေးဝယ်များကို ဈေးအတွင်းဝင်ရောက်ခွင့်မပြုဘဲ ပြန်လွှတ်ခြင်းများနှင့်လိုအပ်ပါက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်သည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)