ကျောက်ဆည်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

​ကျောက်ဆည် ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီ အစဉ်အရ နိုင်ငံတော်မှထောက်ပံ့ပေးအပ်သည့် တစ်ဧက ငွေကျပ် (၄၀၀၀၀) နှင့် ညီမျှသော ငါးသားပေါက်များ ထောက်ပံ့ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အင်းကုန်းကျေးရွာ ဦးခင်မောင်ဝင်း၏ ငါးကန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်းက ယခုကာလတွင် ငါးသားပေါက်လုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများရပ်တန့်ခြင်း မရှိစေခြင်းဖြင့် ပြည်သူများ ငါးရိက္ခာဖူလုံစေရေး၊ တစ်ဦးချင်းငါးစားသုံးသူများ ပိုမိုတိုးပွားလာစေရေးတို့အတွက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးပေါ်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင့် မြို့နယ်ငါးသားပေါက်ဖြန့်ဖြူးရေး ဆပ်ကော်မတီဝင်များက ကျေးရွာ(၁၀) ရွာမှ ငါးမွေးတောင်သူ (၂၃) ဦး၊ ငါးမွေးကန်ဧက(၅၁ ဒသမ ၁)ဧကအတွက် ငါးမြစ်ချင်းကောင်ရေ (၁၃၇၉၇၀) အား ထောက်ပံ့ပေးအပ်ခဲ့ပြီး  ဦးခင်မောင်ဝင်း၏ (၁ ဒသမ ၀၂) ဧကရှိ ငါးမွေးကန်အတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၂၇၅၄) ကောင် စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေး တောင်သူ (၇၀) ဦး၊ ငါးမွေးကန်ဧက (၁၃၇ ဒသမ ၉၃)ဧကအတွက် ငါးကောင်ရေ (၃၇၂၄၁၁) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)