ကာလိမြို့အတွင်း ဈေးဆိုင်ရောင်းချနေပြည်သူများ (Sinopharm) ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ လက်မှတ်များအား ကွင်းဆင်းစစ်ဆေး

ကာလိ    ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လွိုင်လင်ခရိုင် ၊ ကာလိမြို့အတွင်းရှိ ဈေးဆိုင်ရောင်းချနေသော ပြည်သူများအား (Sinopharm) ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်း (၃)နာရီအချိန်ခန့်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကာလိမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းကျဆင်းစေရေးအတွက် ကုန်စုံဆိုင်များ ၊ စားသောက်ဆိုင်များ ၊ မြန်မာ့ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ၊ အထည်ဆိုင်များတို့၌ ရောင်းချနေကြသည့် ပြည်သူများတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ကာလိမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း ၊ ကာလိနယ်မြေစခန်းမှူး ရဲအုပ်လှဟန် ၊ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦး ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးအောင်သူနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ပူးပေါင်းကာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ကွင်းဆင်းစစ်ဆေးခဲ့သည်။ အဆိုပါဆောင်ရွက်မှုတွင် မြို့အတွင်း ဈေးဆိုင်များရောင်းချနေကြသော ပြည်သူများ ကာကွယ်ဆေး ထိုးနှံပြီးသူဖြစ်ပါက ဈေးဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း နှင့် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိပါက ဈေးဆိုင်များ ရောင်းချခွင့်ပြုမည်မဟုတ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများတို့က ပူးပေါင်းပြီး တစ်ပတ်လျှင်တစ်ကြိမ် ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦးထံမှ သိရသည်။

ဝင်းကျော် (ကာလိ)