ရေတိုက်စားမှုကြောင့်ရထားလမ်းကမ်းကပ်ခုံနိမ့်ဆင်းသွားသဖြင့် ရထားပြေးဆွဲခြင်း ယာယီရပ်ဆိုင်းထား

မိုးကောင်း ဩဂုတ် ၂၂

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထိုပူးဘူတာနှင့် ဆားမှော်ဘူတာကြား၌ ရေတိုက်စားမှုကြောင့် ရထားလမ်းကမ်း ကပ်ခုံ နှိမ့်ဆင်းသွားသဖြင့် ရထားပြေးဆွဲခြင်း ယာယီရပ်ဆိုင်းထားရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့နံနက်(၁၀)နာရီခန့်တွင် မီးရထားမိုင်တိုင် ၆၇၅/၁၃-၁၄ ကြား တံတားအမှတ် ၆၅၅ သည် မန္တလေးဘက်ရှိ ကမ်းကပ်ခုံဝဲဘက်အခြမ်းမှာ ၆ လက်မခန့် နှိမ့်သွားသည့်အတွက် သံလမ်းတွန့်ပြီး တာပေါင်မြေပြိုကျသည့်‌နေသည့်အတွက် ရထားပြေးဆွဲခြင်းကို ယာယီရပ်ဆိုင်းထားရကြောင်း မိုးကောင်းမြို့ရုံပိုင်ကြီးထံမှ သိရသည်။

ယင်းဖြစ်စဉ်ကြောင့် မိုးကောင်းမြို့နယ်သံလမ်းရုံးအုပ်မှ အငယ်တန်းအင်ဂျင်နီယာ-၃ ဦးရဲမင်းထွန်းဦးစီးသော သံလမ်းလုပ်သား များနှင့် ဆားမှော်ကျေးရွာဘက်မှ တာဝန်ရှိသူများက ပူးပေါင်းပြုပြင်ဆောင်ရွက်လျက်ရှိပြီး ည(၁၂)နာရီခန့်တွင် ရထားလမ်းပြန် လည်ဖွင့်လှစ် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)