ကိုရီးယား-မြန်မာစက်မှုဇုန် စီမံကိန်းနှင့် စက်မှုဇုန်ပြင်ပ အခြေခံအဆောက်အအုံ စီမံကိန်း(လမ်း၊ ရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး) အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေး လူထုတွေ့ဆုံပွဲကျင်းပ

လှည်းကူး  သြဂုတ် 

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်ကိုရီးယားနိုင်ငံ (Korea Land And Housing Corporation-LH)နှင့် အကျိုးတူပူးပေါင်း၍ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်(၃)အတွင်း နိုင်ငံတကာ စက်မှုဇုန် မြန်မာ-ကိုရီးယားစက်မှုဇုန် စီမံကိန်းနှင့် စက်မှုဇုန်ပြင်ပ အခြေခံအဆောက်အအုံ စီမံကိန်း(လမ်း၊ ရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လူထုတွေ့ဆုံပွဲကို ယနေ့ နေ့လည်(၁)နာရီက ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းအရှေ့ကျေးရွာ ကျောင်းကြီးဝင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းက စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အချက် အလက်များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်က စီမံကိန်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ Mr. Hong SungSoo က Korea-Myanmar Industrial Complex(KMIC)စက်မှုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း ၍လည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ Korea-Myanmar Industrial Complex(KMIC)စက်မှုဇုန်စီမံကိန်း၏ Environmental And Social Impact Assessment(ESIA) လုပ်ငန်းဆိုင်ရာ ပြီးစီးတွေ့ရှိမှုများကို တတိယအဖွဲ့အစည်းဖြစ်သည့် Myanmar Survey Research (MSR)ကုမ္ပဏီမှ ဦးကြံတိုင်းအောင်က “မူဝါဒနှင့် ESIA လုပ်ငန်းစဉ်”များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဦးဖုန်းမြင့်ထွန်းက “ရုပ်ပိုင်းဆိုင်ရာလေ့လာတွေ့ရှိမှု အခြေအနေ”များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒေါက်တာအောင်မြင့်သိန်းက “ ဇီဝဆိုင်ရာ လေ့လာတွေ့ရှိမှု အခြေအနေ” များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒေါက်တာ မွန်မွန်တင်ဦးက “ပြည်သူ့ကျန်းမာရေးဆိုင်ရာ လေ့လာတွေ့ရှိမှု” နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဦးအောင်လင်းက “လူမှုစီးပွား ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာတွေ့ရှိမှု” များနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများဖြစ်သည့် လှည်းကူးမြို့နယ် စည်ပင်သာယာလှပရေး အကျိူးတော်ဆောင် ဥက္ကဌ ဦးခင်မြင့်က စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်“အမှိုက်များ ဘယ်လိုစွန့်ပစ်နိုင် မလဲ”ဆိုတာ နှင့်ပက်သက်၍လည်းကောင်း၊ စက်မှုဇုန်(၃)ဥက္ကဌ ဦးမောင်မောင်ကျော်က “စက်မှုဇုန်များမှ ရေဆိုးထုတ်သည့်စနစ်”နှင့်ပတ်သက်၍လည်းကောင်း၊ ကြာအင်းအရှေ့ကျေးရွာမှ ကိုအောင်အောင်က “စက်ရုံများမှ ယောင်္ကျားလေးများအတွက်  အလုပ်အကိုင်  အခွင့်အလမ်းများ ရရှိရေးဆောင်ရွက်ထားမှု ” နှင့် ပတ်သက်၍လည်းကောင်း၊ မှော်ဘီမြို့နယ် ဆပ်သွားတောကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်စန်းစန်းဦး က “စက်မှုဇုန်အတွင်း နေထိုင်သူများအတွက် ပြည်သူ့ ကျန်းမာရေး၊ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဝန်ထမ်းများနှင့် ကျန်းမာရေးဌာနထားရှိပေးနိုင်ရန်” စသည်ဖြင့် အသီးသီး ဆွေးနွေးတင်ပြခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်နှင့် တိုင်းဒေသကြီးညွှန်ကြား‌ရေးမှူး ဦးယုခိုင်၊ လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးလက်နေပြည်သူများ စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရ သည်။

နိုင်လင်း၊ မျိုးညွှန့်