ရန်ကုန် ဩဂုတ် ၂၂
ကလေးငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များဖြစ်နိုင်ရေးအတွက် အသက်(၆)လမှ (၅)နှစ် အတွင်း ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ် ကျန်းမာရေး ဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီခွဲက ရန်ကုန် အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အမှတ်(၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ ပုံမှန်ဆေး တိုက်ခြင်း များ အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေး လာရောက်ထိုးနှံသူ မိဘများနှင့် ကလေးငယ် များကို Mask များတပ်ဆင်လာစေရေး၊ စုရပ်အတွင်း Social Distancing ဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေးတို့ကိုပါ စီမံ ဆောင်ရွက် ပေးခဲ့ကြသည်။
ဗီတာမင်အေပြည့်ဝသော ကလေးများသည် ပုံမှန်ကြီးထွားဖွံ့ဖြိုးခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်း၊ မျက်စိအမြင်အားကောင်းခြင်း၊ ဗီတာမင်အေ ချို့တဲ့သော ကလေးများသည် ပုံမှန်မကြီးထွားနိုင်ခြင်း၊ မကြာခဏဖျားနာတတ်ခြင်း၊ ရောဂါဖြစ်လျင် ပြင်းထန်ပြီး အသက်အန္တရာယ် ကြုံတွေ့နိုင်ခြင်း၊ ကြက်မျက်သင့်ရောဂါဖြစ်တတ်ခြင်းနှင့် အပြင်တိမ်စွဲ၍ မျက်စိကွယ်တတ် ခြင်း စသည့် ရောဂါများ ဖြစ်နိုင်ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)