သန်လျင် သြဂုတ် ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်)ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက်က လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးပြခန်းတွင် လူကုန်ကူးမှု စတင်ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုး များ၊ လူကုန်ကူးမခံရရေး သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ လူကုန်ကူးခြင်း လုပ်ဆောင်လျှင် ချမှတ်မည့် ပြစ်မှု ပြစ်ဒဏ်များ၊ ငယ်ရွယ်သူများ လမ်းမှားမရောက်စေရေး အသိပညာ ဗဟုသုတ ရရှိစေရန်စသည့် အချက်များအပြင် ဓာတ်ပုံ မှတ်တမ်းများဖြင့် ဝေဝေဆာဆာ ခင်းကျင်းပြသထားသည်။
အလားတူ လတ်တလောဖြစ်ပွားနေသော ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ဆောင်ရန်ရှောင်ရန်များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုမှတ်တမ်းများ၊ အမှန်တကယ် မဲပေးပိုင်ခွင့်ရှိသူ မဲပေး နိုင်ရေး အသိပညာပေးစာစောင်များကိုလည်း ပြသထားသည်။
ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြပွဲပြသခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)