ကျောက်ဆည်မြို့နယ်တွင် ဆီးချိုသွေးချိုကြောင့်ဖြစ်သော အမြင်အာရုံကိုထိခိုက်စေသည့် မျက်စိရောဂါ စေတနာ့ကျန်းမာရေးဝန်ထမ်းများ သင်တန်းဖွင့်လှစ်

ကျောက်ဆည်   ဩဂုတ်       ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံကိန်းနှင့် မကူးစက်တတ် သော ရောဂါစီမံချက်တို့ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများအတွက် ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များတွင် အမြင် အာရုံ ဆုံးရှုံးမှုကိုကာကွယ်ရန် မျက်စိရောဂါ ရှာဖွေစစ်ဆေးခြင်းနှင့်ကုသမှုတို့ကို အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိရာ ဆီးချိုသွေးချို ကြောင့် အမြင်အာရုံထိခိုက်စေသည့် မျက်စိရောဂါ စေတနာ့ကျန်းမာရေး ဝန်ထမ်းများ သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအစည်း အဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ ယဉ်မင်းမင်းစိန်က ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့ယွင်းခြင်းကို စစ်ဆေးခြင်း၊ လူနာအား ညွှန်းပို့ ခြင်းနှင့် မျက်စိရောဂါ အထူးကုဌာနများမှ ရောဂါရှာဖွေဖော်ထုတ်ကုသပြီး ပြန်လည်ညွှန်းပို့ သောလူနာများအား နောက်ဆက်တွဲ စောင့်ရှောက်ကုသခြင်း လုပ်ငန်းတို့တွင်လည်း ပါဝင်ဆောင်ရွက်နိုင်စေရန် အခြေခံ ကျန်းမာရေး ဝန်ထမ်း များ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် မြင့်တက်လာစေရန် လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် အတွင်းရှိ ကျေးရွာများမှ စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သား (၃၀)ဦးအား သင်တန်း ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး Helen  Keller International စီမံကိန်းအရာရှိ ဒေါက်တာညီညီဇော်က ဆီးချို သွေးချိုကြောင့်ဖြစ်သော အမြင်အာရုံ ထိခိုက်သည့် ရောဂါအကြောင်းများနှင့် ပတ်သက်၍ စေနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး၊ ကျေးလက်နေ ပြည်သူများအား ကျန်းမာရေးအသိ ပညာပေး ပြန်လည်မျှဝေနိုင်စေရန် စီမံကိန်း လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ပိုမိုပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်စေရန်အတွက် ပရိုဂျက်တာဖြင့် ရှင်းလင်း ပြပေး ခြင်း၊ ပြန်လည်ဆွေးနွေးခြင်းများဖြင့် စနစ်တကျ သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)