ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကျိုင်းတုံ     ဒီဇင်ဘာ     ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မဟာမြတ်မုနိဘုရားကြီး အဝိုင်းပတ်တွင်  တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရှမ်းအရှေ့၊ အမှတ် (၁၉) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူး ညီညီလှိုင် ဦးစီးပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်နှင့် ဆိုင်ကယ်စီးနင်း သူများအား ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မီသော ဆိုင်ကယ်ဦးထုပ်ဆောင်းရန်နှင့် မေးသိုင်း ကြိုး စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကိုင်ဖုန်းပြောပြီး ယာဉ်/ဆိုင်ကယ် မောင်းနှင်ခြင်း မပြုရန်၊ ဆိုင်ကယ်များ ရှေ့မီးဖွင့်ပြီး မောင်းနှင်ရန်၊ ကားမောင်းလျှင် မောင်းနှင်သူနှင့် ယာဉ်ပေါ်လိုက်ပါသူများ ထိုင်ခုံခါးပါတ် ပါတ်ပြီး မောင်းနှင်ကြရန်၊ သဲ/ကျောက်/ မြေသယ်ယာဉ်များ၊ အမိုးအကာ လုံခြုံစွာအုပ်၍ မောင်းနှင်ရန်နှင့် အရှိန်ပြင်း မောင်နှင်ခြင်း မပြုရန်၊ အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်းမပြုရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ရန်နှင့် ကြတ်မတ်စစ်ဆေး  အသိပညာပေးပြောကြားသည်။

ထို့အပြင် ယာဉ်စည်းကမ်း မလိုက်နာသူများအား  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆွေးနွေးပြောကြားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)