လွိုင်လင်မြို့မဈေးကြီးတွင် ဈေးရောင်းဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာမှုရှိ/မရှိ ကြပ်မတ်စစ်ဆေး

လွိုင်လင်    ဒီဇင်ဘာ    ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကံစောလှိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၁၁ နာရီက လွိုင်လင်မြို့ မြို့မဈေးကြီးတွင် ဈေးရောင်းဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းဝယ်ခြင်းရှိ/မရှိကို ကြည့်ရှု့ စစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးနှင့် တာဝန်ရှိသူများက လိုက်လံပြသကြ‌သည်။

လွိုင်လင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းစေရန် မြို့မဈေးကြီးတွင် သား/ငါးနှင့် မီးဖိုဆောင်သုံး ပစ္စည်းအရောင်းဆိုင်များကိုသာ ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဟင်းသီး ဟင်းရွက်ပျံကျဈေးကို ဘောလုံးကွင်းတွင်ယာယီဖွင့်လှစ်ခွင့်ပြုထားပါကြောင်း ၊ ယခုအခါတွင် လွိုင်လင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းကျဆင်းလာသည့်အတွက် ဒီဇင်ဘာလ၁၄ရက် နံနက်ပိုင်းမှစတင်၍ မြို့မဈေးကြီးတွင် သား/ငါးနှင့် ဟင်းသီးဟင်းရွက် ဈေးသည်များကို လပြည့် လကွယ် ဈေးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၆: ၃၀ နာရီမှ မွန်းလွဲ ၁၂:၃၀ နာရီအထိ တစ်ပေါင်းတစ်းတည်းဖွင့်လှစ်ခွင့်ပြုထားပါကြောင်း ၊ ဈေးရောင်းချသူများ သည် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူဖြစ်ရန် ၊ ကာကွယ်ဆေးထိုးနှံပြီး ကြောင်း အထောက်အထားကိုငဆောင်ထားရန်လိုကြောင်း ၊ ပါးစပ်နှာခေါင်းစည်း တပ်ဆင် ထားရမည်ဖြစ်ကြောင်းနှင့် ဈေးဝယ်သူများမှာလည်း ဈေးဝယ်ကတ်ပြား ပါရှိရန် ၊ ပါးစပ် နှာခေါင်းစည်းတပ်ဆင်ပြီးမှ ဈေးအတွင်းဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များကို ဈေးရောင်းဈေးဝယ်များမှ အမှန်တကယ် လိုက်နာမှုရှိ/မရှိကို ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

လွိုင်လင်မိုး