လမ်းမတော် သြဂုတ် ၂၂
လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၊ Ease of Doing Business လုပ်ငန်းအဖွဲ့၏ တတိယ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ Doing Business Ranking တိုးတက်ရေးအတွက် ရှေ့ဆက်ဆောင် ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စွာ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်များ လုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြရာ အခွန်ထမ်းဆောင် ခြင်းကိစ္စ၊ အလုပ်သမားရေးရာကိစ္စ၊ ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာကိစ္စ္စ၊ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် လျှပ်စစ်မီးရရှိရေး ကိစ္စရပ်များ စသည်တို့ပါဝင်ခဲ့ပြီး ယင်းတို့ကို အဆင်ပြေချောမွေ့အောင် ဖြေလျှော့ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်း ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် အညွှန်းကိန်း (Indicator) များအလိုက် လုပ်ငန်းရှင်များအတွက် ခက်ခဲနေသည့်အပိုင်း များကို လွယ်ကူစေရန်အတွက် ပြောင်းလဲ ဆောင်ရွက်ပေး စေလိုသည့်အချက်အလက်များနှင့် အဆိုပါလုပ်ငန်းစဉ်များထဲမှ အခက်အခဲဖြစ်ပေါ်နေမှုများအပေါ် Task Force အဖွဲ့ဝင်များမှ အသီးသီးအကြံပြု ဆွေးနွေးခြင်း များလည်း ယမန်နေ့ အစည်းအဝေး၌ ပါဝင်ခဲ့သည်။
အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်၊ Ease of Doing Business Task Force ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် Task Force အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ကျော်ဆန်းမြင့်