ကော့ကရိတ် ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်ခရိုင်အတွင်းရှိ ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား/ သူ (၆)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်း ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကရင်ပြည်နယ်၊ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်လှိုင်က လူရည်ချွန် ရွေးချယ်၍ ဆုချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်များ၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်မှ ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်ရခြင်းနှင့် ထူးချွန်သည့် လူရည်ချွန် ကျောင်းသား/သူများ ခရိုင်အတွင်းမှ ပေါ်ထွက်လာအောင် သင်ကြားပေးသော ဆရာ/မများ၊ ကျောင်းများကို မှတ်တမ်းတင် ဂုဏ်ယူပါ ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းက လူရည်ချွန်များကို ယမန်နှစ်များက သက်ဆိုင်ရာ အပန်းဖြေစခန်းများသို့ စေလွှတ်ရန် ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ် ထိန်းချုပ်ထားသည့်ကာလ ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအ နေဖြင့် သက်ဆိုင်ရာခရိုင်များတွင်သာ ဂုဏ်ပြုပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ကော့ကရိတ်ခရိုင်အတွင်း ဒသမတန်းအဆင့် လူရည်ချွန်ဖြစ်သူ ကြာအင်းဆိပ်ကြီးမြို့ (အထက)ကျောင်းမှ မောင်ငြိမ်းခန့်ကျော်၊ ကြာအင်းဆိပ်ကြီးမြို့ (အထက) ကျောင်းမှ မရတနာမွန်၊ နဝမတန်းအဆင့် လူရည်ချွန် မြဝတီမြို့၊ အထက-(၁) ကျောင်းမှ မောင်ခန့်ဇော်လင်းနှင့် မနန်းစင်မြမြဖူး၊ အဋ္ဌမတန်းအဆင့် လူရည်ချွန် အထက(ခွဲ) ကြာအင်း ဆိပ်ကြီး မှ မောင်အောင်ခန့်မောင်နှင့် အထက(၁) မြဝတီမှ မသျှားထက်အိမ် (၆)ဦးတို့အား ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်လှိုင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်နှင့် ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်၍ လူရည်ချွန် ကျောင်းသား/သူများအား ဂုဏ်ပြုလက်ဆောင်များ လည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ကျော်စိုးလွင်(ခရိုင်ပြန်ဆက်)