ငါန်းဇွန် ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့မစည်ပင်သာယာဈေးအတွင်းနှင့် မြို့ပေါ်တွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင် များ၌ သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ကုန်စုံဆိုင်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒုကြီးကြပ်ရေးမှူး ဦးစောသန်းအောင်၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးခင်မောင်ခနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဇေနောင်လှိုင် (HA)နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦး တို့သည် ငါန်းဇွန်မြို့မဈေးအတွင်းနှင့် မြို့ပေါ်တွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များ၌ စားသုံးသူကာကွယ်ရေး ဥပဒေအရ သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရမည့်အချက်များဖြစ်သည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်းများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ကြောင်း ဖော်ပြချက်စသည် တို့ကို ထည့်သွင်းဖော်ပြခြင်း ရှိ/မရှိ၊ Nestle အမှတ်တံဆိပ် မိခင်နို့အစားထိုး စားသောက်ကုန်များ FDA ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ၊ ကုန်အညွှန်းများကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာ တစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ သတ်မှတ်ချက် များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သက်နောင်ဦး(ငါန်းဇွန်)