၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော အလုံမြို့နယ် သမဝါယမအသင်းစု ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်

အလုံ သြဂုတ် ၂၂

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော အလုံမြို့နယ် သမဝါယမအသင်းစု ဝန်ထမ်း သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အလုံမြို့နယ် အောက် ကြည့်မြင်တိုင်လမ်းပေါ်ရှိ အလုံမြို့နယ် သမဝါယမအသင်းစုရုံး တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် အလုံမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်ချယ်ရီအေးက  တက္ကသိုလ်ဝင် စာမေးပွဲ တွင် ထူးချွန်စွာအောင်မြင်ခဲ့သော သမဝါယမ အသင်းစုများ၏ ဝန်ထမ်း သားသမီးများကို ဆုချီးမြှင့်ရသည့်အတွက် ဝမ်းသာ ဂုဏ်ယူပီတိဖြစ်ကြောင်း၊ ယခုလိုချီးမြှင်းခြင်းဖြင့် နောင်မျိုးဆက်သစ်များမှလည်း ကြိုးစားချင် စိတ်များ ဖြစ်ပေါ် လာ မည်ဖြစ်ကြောင်း၊ နောင်နှစ်များမှလည်း ယခုလို ထူးချွန်သူများ ထွက်ပေါ်လာရန် မျှော်လင့်ကြောင်းစသည်ဖြင့် ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အလုံမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအုန်းသွင်က ဝမ်းသာဂုဏ်ပြုစကားကို ပြောကြားခဲ့ပြီး ဆက်လက်၍ ဂုဏ်ပြု ဆုချီးမြှင့်ခြင်းကို ဆောင်ရွက်ရာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးတစ်ဘာသာဖြင့် နှစ်ချင်းပေါက် အောင်မြင် ခဲ့သူ ကျောင်းသူတစ်ဦးနှင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သူ ကျောင်းသားတစ်ဦးတို့ကို  ဦးစီးအရာရှိ ဒေါ်ချယ်ရီအေးနှင့် အလုံ မြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအုန်းသွင်တို့က  ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဆုရရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

တင်တင်ချို(ပြန်/ဆက်)