လှိုင်းဘွဲ ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အား ဆက်သွယ်ပေးထားသည့် ကားလမ်းမပေါ်တွင် ဒေသတွင်း ထွက်ရှိသည့်ဝါးပင်မှ အိမ်သုံးပစ္စည်း၊ လုပ်ငန်းသုံး ပစ္စည်းရောင်းချသည့်ဆိုင်များ နည်းပါးလာလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
ယခင်က ဝါးထရံ၊ကျူထရံများကိုနေအိမ်အတွက် အကာ၊မျက်နှာကျက်ကိုအသုံးပြုမှုများခဲ့ကြသော်လည်း ယခုကာလ၌ ဝင်ငွေနည်းပါးကြသည့် အိမ်ထောင်စုများပင်လျှင် ဝါးထရံအစား ကျောက်ပြားများကို အစားထိုး၍ အိမ်ယာဆောက်လုပ်နေကြတော့ ကြောင်း၊ ဝါးဖြင့်ပြုလုပ်သည့်ပစ္စည်းများဖြစ်သည့် ဝါးထရံ၊ ဝါးကုတင်၊ ဝါးစားပွဲ၊ ဝါး ကုလားထိုင်များ၊လူ့အသုံးအဆောင်နှင့် စားစရာရှာရသည့် ဝါးခမောက်၊ ကဒူး၊ ပက်ကလာ၊ ယက်သဲ့၊ မြုံး၊ ပလိုင်း၊ စကော၊ စကာ စသည့်ဝါးလက်မှုပညာကို အသုံးပြု ပြီးအသက်မွေးဝမ်းကြောင်း ပြုနေကြရသည့် သူများအနေဖြင့် ဝါးပိုးစားမှု၊ဝါးရင့်မာမှု မရှိသဖြင့် ရေရှည်ခိုင်ခန့်မှုမရှိခြင်း၊ အသုံးမခံခြင်းများရှိလာသဖြင့် ဝယ်ယူအသုံးပြုမှု နည်းသွားကြသည်ကို သိပါကြောင်း၊ ဝါးရင့်သည့်သက်တမ်းနှင့် ဝါးပိုးမစားသည့် လ၊ ရက်များကို ဝါးခုတ်တောင်သူများအနေဖြင့် သိရှိထားကြသော်လည်းပဲ မိသားစုစား ဝတ်နေရေးအခက်အခဲများကြောင့် အစဉ်ပြေသလိုခုတ်ယူရောင်းချပေးကြသဖြင့် မိမိ တို့ကဝယ်ယူပြီး ဝါးအချောထည်လုပ်ငန်း ပြန်လည်လုပ်ကိုင်ပေးကြရာတွင် မိမိတို့ ပစ္စည်းများ ရေရှည်အသုံးအစွဲခံနိုင်မှုမရှိသည်ကို သိရှိရပါကြောင်း ဝါးအချောထည် ပစွည်းများပြုလုပ်ရောင်းချသူ ဆိုင်ရှင်တစ်ဦးက ရှင်းပြသည်။
မည်သည့်ဝါးပင်အမျိုးအစားမဆို မိမိ၏နည်းပညာအမြင်များဖြင့် ဖန်တီးပုံဖော်၍ရပါ ကြောင်း၊ ဝါးပင်အမြစ်က လူဦးခေါင်းပုံသဏ္ဍာန်များ၊ သတ္တဝါပုံသဏ္ဍာန်များကို ပြုလုပ် ၍ ရနိုင်ပါကြောင်း၊ မိမိ၏ စိတ်ကူးအမြင်ဆန်းသစ်သလို ပုံဖော်ဖန်တီးနိုင်ပါကြောင်း၊ လူမှုကွန်ယက်ဖြစ်သည့် face book နှင့်You Tube တို့တွင်လည်း ရှာဖွေကြည့်လျှင် တွေ့ကြရမည် ဖြစ်ပါကြောင်း၊ဝါးဆစ်မှ လူပုံသဏ္ဍာန်ဖန်တီးဆေးချယ်ပြီး ကမ္ဘာလှည့် ခရီးသွားဧည့်သည်( သို့မဟုတ်)ပြည်တွင်း ခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင်နိုင် သည့်ဝါးအခြေခံလက်မှုပညာများကို ဖန်တီပြုလုပ်ပြီးရောင်းချ၍ ရနိုင်ကြောင်း ဝါးပင်ကို အပျော်တမ်းဖန်တီးပုံဖော်နေသည့် ဘားအံမြို့နေပန်းရန် ပညာရှင် ကိုမျိုးက ရှင်းပြခဲ့သည်။
ကမ္ဘာပေါ်တွင် ဝါးမျိုး(၇၅)မျိုး၊ ဝါးမျိုးစိတ်၁၂၅၀ခန့်ရှိရာ မြန်မာနိုင်ငံအတွင်း ဝါး မျိုးစိတ်(၁၀၂)မျိုးခန့်ပေါက်ရောက် ရှင်သန်လျှက်ရှိကြောင်း၊ စီးပွားရေးအတွက် အသုံးဝင်သည့်ဝါးမျိုးများဖြစ်သည့် တင်းဝါး၊ မျှင်ဝါး၊ ကြက်သောင်းဝါး၊ ဝါးပိုးဝါး၊ ထီးရိုးဝါး၊ ဝါးနီ၊ ဝါးနက်စသည့်ဝါးမျိုးစိတ် ၁၈ မျိုးခန့်ရှိကြောင်း၊ မြန်မာ့ဝါးပင်များကို စနစ်တကျ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ပါကြောင်း၊ ဘက်စုံအသုံးဝင်သည့်အပြင်၊ ဝါးပင်များ၏ အမြစ်ဖွဲ့စည်းမှုများသည် ခိုင်ခန့်ကျစ်လစ်သည့်အတွက် မြေဆီလွှာ၊
ရေတိုက်စားမှုဒဏ်ကို ကာကွယ်ပေးနိုင်ကြောင်း၊ ဝါးပင်များမှ လူတို့အတွက် မျှစ်၊ မျှစ်ချဉ်ကဲ့သို့ အစား၊အစာများရရှိသည့်အပြင် လူတို့အတွက်အိမ်ယာနှင့်လူ့သုံးကုန် ပစ္စည်းများ၊ လက်မှုပစ္စည်းအမျိုးမျိုးကို ထုတ်ယူသုံးစွဲနိုင်ကြောင်း၊ ဝါးပင်မျိုးများကိုစိုက်ပျိုးရာတွင် မြေအမျိုးအစားမရွေး၊နေရာဒေသ မရွေးစိုက်ပျိုး၍ရနိုင်ပါ ကြောင်း၊ မြန်မာ့ဝါးပင်များစွာကို မြေလွတ်၊မြေရိုင်းများ၊ အိမ်ခြံစည်းရိုး၊ ယာခြံစည်းရိုးနှင့်ရွာ အဝင်လမ်းဘေး ဝဲ၊ ယာဘက်များ၌ စိုက်ပျိုးသင့်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက်လည်း အရေးပါကြောင်း မြန်မာတောင်သူကြီးများ ဂျာနယ်ကိုဖတ်ရှုခဲ့ရသည့် မူလတန်းကျောင်းအုပ်ဆရာကြီး ဦးစောအေးကြည် (အငြိမ်း စား)က ရှင်းပြခဲ့သည်။
လင်းသန့်(ပြန်/ဆက်)