မန္တလေး သြဂုတ် ၂၂
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် အကွက် (၃၄၂) ၃၇×၃၈ လမ်းကြား ၈၉×၉၀ လမ်းကြားတွင် မီးလောင် ခဲ့မှုကြောင့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁၆)စုအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိမ်သုံး ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုများကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကတ္တူဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မီးဘေးသင့်ပြည်သူများကို ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး မျိုးသစ်တို့ တက်ရောက်ပြီး တစ်အိမ်ထောင်လျှင် ငွေသား (၂၀,၀၀၀)ကျပ်နှင့် အိမ်သုံးကုန်ပစ္စည်းများကို မီးဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
မီးဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့်အပြင် မီးလောင်သည့်နေ့၌ပင် မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတို့မှလည်း တစ်အိမ်ထောင်လျှင် (၆၀,၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁၆)စုစာ ထောက်ပံ့ ပေးအပ် သည့် အပြင် စေတနာရှင်များမှလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးသင့်ပြည်သူများသည် သြဂုတ်လ (၂၀)ရက်နေ့ ၁ နာရီ ၂၄ မိနစ်ခန့်က မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ကြောင့် အိမ်ခြေ (၁၀)လုံး မီးလောင်ဆုံးရှုံးခဲ့ကာ အိမ်ထောင်စု (၁၆)ခုမှ မီးဘေးသင့်ပြည်သူတို့အား စိန်ပန်းရပ်ကွက် လမ်း၉၀၊ ၃၇ ×၃၈ကြားရှိ ကတ္တူဘုန်းကြီးကျောင်းတိုက်တွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ပြောင်းရွှေ့ နေရာချထား ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်