ချမ်းအေးသာစံ ဒီဇင်ဘာ ၁၄
လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်ဖြင့် ကလေးငယ် ၆၀ ဦး ဦးတည် ရည်ရွယ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးမှ သိရသည်။
"မန္တလေးမှာ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်နဲ့ မဟာအောင်မြေ မြို့နယ်တွေရှိ လူစည်ကား ရာနေရာ တွေကို စာရင်းကောက်ယူတဲ့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဆောင်ရွက်ပါတယ်၊ ဒီလိုကောက်ခံတဲ့အခါမှာ ကလေးတွေ အများဆုံးရှိတဲ့ လမ်းဆုံလမ်းခွနေရာ၊ လူစည်ကားရာနေရာ၊ ကားဂိတ်၊ဘူတာစတဲ့နေရာတွေကို အဓိကထား ကောက်ခံတာ ဖြစ်ပါတယ်၊ တချို့ကလေးတွေက အလှူခံတယ်၊ တချို့ကလေးတွေက ပန်းရောင်းကြတယ်၊ မိဘရှိတဲ့ ကလေးတွေဆိုရင် သူတို့ရဲ့ မိဘတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်၊ အားနည်းချက်ရှိတဲ့ ကလေးတွေကို လူ့အသိုင်းအဝိုင်းမှာ ပြန်လည်ဝင်ဆံ့ ပေါင်းစည်း ပြီး ကလေးတွေရဲ့ ဘဝသာယာလှပရေးအတွက် ဒီစီမံချက်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ် " ဟု မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ဦးစီးမှူးရုံး မှ ညွှန်ကြားရေးမှူးဉီးဇော်မင်းက ပြောသည်။
ယင်းစီမံချက်ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီမှဉီးဆောင်ပြီး ဆက်စပ်ဌာန အဖွဲ့အစည်း များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ကလေး ၁၀၀ ဦး၊ ပျဉ်းမနားတွင် ကလေး ၄၀ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ကလေး ၆၀ ဦးဖြင့် ဦးတည် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
"မန္တလေးမှာ ပထမဆုံးအကြိမ် အစည်းအဝေးလည်းလုပ်ပြီးပါပြီ၊ ကလေးတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး၊ မှတ်ပုံတင် ရရှိရေး၊ ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းအပ်နှံရေး ကိစ္စတွေကို ဆက်စပ်ဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီးဖြစ်ပါတယ်" ဟု ညွှန်ကြားရေးမှူး ဦးဇော်မင်းက ဆက်ပြောသည်။
လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်အရ နိုဝင်ဘာ(၂)ရက်မှစတင် စာရင်း ကောက်ခံနေပြီး ဧပြီ (၂) ရက်အထိ ဆက်စပ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကနဉီးစီမံချက်အနေဖြင့် လုပ်ဆောင် နေပြီး အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း စီမံချက်အပေါ်မူတည်ပြီး လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ Project နှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို ဆက်စပ် အဖွဲ့အစည်းများနှင့် အစည်းအဝေး ပြုလုပ်ပြီး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ စီမံချက် ဖော်ဆောက်မည့်နေရာများမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကြည့်မြင် တိုင်မြို့နယ်၊ နေပြည်တော်ကောင်စီတွင် ပျဉ်းမနား တစ်မြို့နယ်တို့ ပါဝင်ပြီး မန္တလေးတိုင်းဒေသကြီးတွင် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီး တံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်