အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသားကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) (ပထမ/ဒုတိယ)အကြိမ် ထိုးနှံပေးလျက်ရှိ

ပလောက်   ဒီဇင်ဘာ   ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က ပလောက်မြို့ အထကကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမ/ဒုတိယ)အကြိမ်ကို အသက်(၁၂)နှစ်ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) တစ်လုံးလျှင် (၂)ဦးနှုန်း ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ ဆေးတစ်ခုခု နှင့်ဓာတ်မတည့်သော ရောဂါရှိ/မရှိ၊ အတက်ရောဂါစသည့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါ ရှိ/မရှိနှင့် သွေးမတိတ်ရောဂါရှိ/မရှိ တို့ကို မေးမြန်းပြီးမှသာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို ပလောက်မြို့ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးရာတွင် အဆင်ပြေစေရေးအတွက် အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက စနစ်တကျ ဆေးထိုးနိုင်ရန် အတွက်လိုအပ်သည်များ ကူညီဆောင် ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

နှင်းမြူလွင် (ပလောက်)