မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

မိတ္ထီလာ   ဒီဇင်ဘာ  ၁၃

  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က  သီးကုန်းကျေးရွာ ၊ ကွင်းအမှတ် ၈၈၂ ၊ ဦးပိုင်အမှတ် ၁၁၈ ရှိ တောင်သူ ဦးသန်းစိန်၏ မနောသုခ(RS)စိုက်ဧက နှစ်ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက အမှာစကားပြောကြားရာတွင် တောင်သူများကိုယ်တိုင် ပြောင်လဲလာသော ရာသီဥတုနှင့်အညီ ဒေသနှင့် လိုက်လျောညီထွေရှိပြီး သက်တမ်းတို၍ အထွက်နှုန်းကောင်မွန်သော မျိုးစပါးများ ရွေးချယ်စိုက်ပျိုးကြရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဦးစွာ စိတ်ဓာတ် ပြုပြင်ပြောင်းလဲရေး၊ မျိုးပြောင်းလဲရေး၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်ပြုပြင်ပြောင်းလဲရေး၊ လယ်ကွက်များ၏ ပုံသဏ္ဍန် ပြောင်းလဲရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲရ မည်ဖြစ်ပြီး သီးနှံအထွက်နှုန်း တိုးတက်စေရန် နွားချေး၊ တိရစ္ဆာန် အညစ်အကြေး၊ သီးနှံပင်အကြွင်း အကျန်များနှင့် သဘာဝသစ်စိမ်း မြေသြဇာများ ပြုလုပ်သုံးစွဲကြရန် ရှင်းလင်းပြောကြာခဲ့ရာ တက်ရောက်လာသော ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှ ပြန်လည်ဖြေကြားခဲ့သည်။ ထိုနောက် မနောသုခ(RS)မိုးစပါး စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါးအစို    ၈၃.၈၂တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ  မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဇော်အောင်လေး၊ လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလှိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဌေးနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)