ရန်ကုန် ဒီဇင်ဘာ ၁၃
အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာ(ဆန်)များ ထောက်ပံ့ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆင်းရဲ နွမ်ပါးမှုအမြင့်ဆုံး မြို့နယ်များတွင် နေထိုင်သည့် အိမ်ထောင်စုများသို့ တစ်အိမ်ထောင်လျှင် ၅၀ ကီလိုဂရမ် (၂၄)ပြည်ခွဲခန့် ဆန်တစ်အိတ်စီကို လိုက်လံထောက်ပံ့လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အောက်တိုဘာလအတွင်း ပထမအကြိမ် အိမ်ထောင်စုပေါင်း ၄၃၅၆၈ စုကို ပေးဝေခဲ့ပြီး၊ ဒုတိယအကြိမ်မြောက်အဖြစ် အိမ်ထောင်စုပေါင်း ၄၄၇၇၂ စုအား ဒီဇင်ဘာလ ၉ ရက်နေ့က စတင်ပြီး မြို့နယ် အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်နှုန်းဖြင့် လှူဒါန်းပေးဝေလျက် ရှိကြောင်းသိရသည်။
ဒလမြို့နယ်၌ ဒုတိယအကြိမ်မြောက် ထောက်ပံ့လှူဒါန်းရာတွင် မြို့ပေါ်ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာစုစုပေါင်း ၅၄ ရွာရှိ မရှိနွမ်းပါးအိမ်ထောင်စု စုစုပေါင်း ၄၄၇၇၂ စု အား အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ် နှုန်းဖြင့်လည်းကောင်း၊ အသက် ၆ လမှ ၅၉ လ ကလေး စုစုပေါင်း ၁၆၆၃၇ ဦးအား ဖြည့်စွက်အာဟာရထုပ် ၂၄၉၅၅၅ ထုပ်တို့ကို ဆက်လက်၍ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအတွင်း အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းရန် ရုန်းကန်နေကြရသော မိသားစုများကို ထောက်ပံ့ကူညီရန် ဂျပန်နိုင်ငံအစိုး၏ လှူဒါန်းပံ့ပိုးမှုဖြင့် WFP သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲ နွမ်ပါးမှု အမြင့်ဆုံးမြို့နယ်များတွင် နေထိုင်သည့် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာအထောက်အပံ့ကို ဖြန့်ဖြူးပေးဝေလျက် ရှိသည်။
နိုင်လင်းကျော်