တာမွေမြို့နယ်ရှိ အောင်တော်မူဧစေတီ ဘုရားပုရဝဏ် သန့်ရှင်းသပ်ရပ်လှပစေရေးအတွက် စုပေါင်းဆောင်ရွက်

ရန်ကုန်  ဒီဇင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက် မြို့ပတ်လမ်းတွင် တည်ထားကိုးကွယ်တော်မူသော အောင်တော်မူ ဧစေတီ ဘုရားပုရဝဏ် သန့်ရှင်း သပ်ရပ်စေရေးနှင့် လာရောက်ကြသည့် ဘုရားဖူးပြည်သူများ အဆင်ပြေချောမွေ့စွာ ဖူးမြော်ကြည်ညို နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ပရဟိတ လူမှုကူညီရေးအသင်းဝင်များ ပူးပေါင်း၍ ဘုရားပုရဝဏ်အတွင်း စုပေါင်းတံမြက်စည်းလှည်းခြင်း၊ ရင်ပြင်တော်အတွင်း ဘုရားဖူးများ အသွားအလာများသည့် နေရာများအား ရေများဖြင့် ဆေးကြောခြင်း၊ ဘုရားရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာများ ကပ်လှူပူဇော်ပြီး စုပေါင်းကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“ယခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဘုရားကြီးရဲ့ ပုရဝဏ်အတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် စုပေါင်းဆောင်ရွက်ပေးတာမြင်ရတော့ ကျွန်မရင်ထဲ အတိုင်းအသိ ဝမ်းသာကြည်နူးမိပါတယ်။ အောင်တော်မူ ဧစေတီသာမက မြို့နယ်အတွင်းမှာရှိတဲ့ ဘုရားစေတီပုထိုးများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်း သာယာလှပစေရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ကျောက်မြောင်းအရှေ့ရပ်ကွက် မြို့ပတ်လမ်းတွင် တည်ထားကိုးကွယ်တော်မူသော အောင်တော်မူ ဧစေတီသည် လွန်ခဲ့သောနှစ်ပေါင်း (၈၀)ခန့်က တည်းက ရွာဦးစေတီအဖြစ် စတင်တည်ထားကိုးကွယ်ခဲ့ပြီး စေတီ၏ဉာဏ်တော်အမြင့်မှာ (၁၈)ပေရှိပြီး ယခုအခါ မှန်စီရွှေချစေတီအဖြစ် တည်ထားကိုးကွယ်လျက်ရှိရာ နှစ်စဉ် ဇန်နဝါရီလတွင် ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်းကောင်း၊ မေလတွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်းကောင်း၊ ဇူလိုင်လတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတော် ကိုလည်းကောင်း၊ အောက်တိုဘာလတွင် သီတင်းကျွတ် မီးထွန်းပွဲတော်ကိုလည်းကောင်း နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး မြို့နယ်အတွင်းနှင့် နီးစပ်ရာ မြို့နယ်များတွင် လူသိများထင်ရှားသော တန်ခိုးကြီးစေတီတစ်ဆူ ဖြစ်ကြောင်းလည်း သိရသည်။ ယခင်က မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မား နေသည့်အတွက် အဆိုပါ အောင်တော်မူ ဧစေတီအပါအဝင် မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများအား ခေတ္တ ယာယီပိတ်ထားခဲ့ရပြီး ယခုအခါ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ နေ့စဉ် နံနက် (၆)နာရီမှ ညနေ(၅)နာရီအထိ ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများအပြင် အမြို့မြို့/အနယ်နယ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သတင်း ရရှိပါသည်။

နိုင်လင်းအောင်