ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် စုပေါင်း ဝန်ထမ်း အိမ်ရာ(၇၈)လုံးမှ အခန်းပေါင်း ၅၁၀ ခန်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်

ဘားအံ ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ နေထိုင်မှုဘဝ အဆင်ပြေစေရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ စုပေါင်းဝန်ထမ်အိမ်ရာ(၇၈)လုံး၊ အခန်းပေါင်း ၅၁၀ ခန်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီး မြေနေရာရရှိမှုနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ပြည်နယ်အတွင်း နေရာဒေသစုံတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာဖွင့်ပွဲ အခမ်းအနားမှ သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေး ဦးစီးဌာန၊ စုပေါင်း ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်တို့က စုပေါင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းဝန်ထမ်း အိမ်ရာဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆောက်အဦအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့် စုပေါင်းဝန်ထမ်းအိမ်ရာကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၃၃၁၃ သိန်းကျော်ဖြင့် (၆၁ပေ ၆လက္မ x ၅၁ပေx ၃၉ပေ) RC အမျိုးအစား ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦကို အောင်မြင်ခိုင်ခန့် ကုမ္ပဏီလိမိတက်မှ တာဝန်ယူတည်ဆောက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လဘတ်ဂျက် ပြည်နယ်ရန်ပုံငွေကျပ် (၂၆၇ ဒသမ ၃)သန်းဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး  တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ် ညွှန်ကြားရေးမှူး ဦးသူရိန်နှင့် တာဝန်ယူတည်ဆောက်သည့်  အောင်မြင်ခိုင်ခန့် ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူများက အဆောက်အဦ တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ တိုးချဲ့မြေနေရာဖော် ထုတ်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စံဖရီး တန်ဖိုးနည်းအိမ်ရာ အလုံး(၅၀)တွင် ဝန်ထမ်းများအား နေရာချထားပေးမှု အခြေအနေ ရေ၊ မီး ပြည့်စုံလုံလောက်စွာ စီစဉ်ဆောင်ရွက် ပေးထားသည့် အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟော်သဓာပညာရေးကျောင်း တည်ဆောက်မည့် မြေနေရာတွင် သီတင်းသုံးနေထိုင်တော်မူသော ဇွဲကပင်တောင်ဆရာတော် ဘဒ္ဒန္တကဝိဓဇအား သွားရောက်ဖူးမြော် ကြည်ညို၍ နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကလေးကျေးရွာ တိုးချဲ့မြေနေရာ ရှင်းလင်းရှောင်သို့ ရောက်ရှိပြီး မြေနေရာ(၉၂၈ ဒသမ ၉၃)ဧကပေါ်တွင် အိမ်ရာမြေကွက် ဖော်ဆောင်နေမှု အခြေအနေများအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ကြာအင်းတောင်ခြေတွင် တည်ဆောက် လျက်ရှိသော သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီး တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)