ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ငါ့သရောက်မြို့တွင် ရိုးရာခုံဖိနပ်လုပ်ငန်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူများပြားလာ

ငါ့သရောက် ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီ၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် တောင်ယာလုပ်ငန်းများ သိမ်းဆည်းပြီး၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ရိုးရာခုံဖိနပ်လုပ်ငန်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ များပြားလာပြီး၊ မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အဆိုပါ ခုံဖိနပ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

ယခုအခါ အညာဒေသတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် တောင်ယာလုပ်ငန်းများ သိမ်းဆည်းပြီး၊ တောင်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်၊ ရိုးရာ ခုံဖိနပ်ခုတ်လုပ်ငန်းများ  ပြန်လည်လုပ်ကိုင် လျက်ရှိနေကြကြောင်း သိရသည်။

ခုံဖိနပ်ပြုလုပ်ရန်အတွက် အသုံးပြုသည့် သစ်သားမှာ တလုတ်မကျီးသား၊ ကုက္ကိုသား၊ သရက်သားနှင့် ဇီးသားများကို အများဆုံး အသုံးပြုကြကြောင်းနှင့် ခုံဖိနပ်ဒီဇိုင်းအနေဖြင့် ဦးဝိုင်းခုံဖိနပ်နှင့် ပုံခေါက်ခုံဖိနပ်ဟူ၍ နှစ်မျိုးနှစ်စား ပြုလုပ်ရပြီး ဆိုဒ်အနေဖြင့် လူကြီး၊ လူငယ်၊ ကလေးစီး စသည်ဖြင့် ဆိုဒ်စုံပြုလုပ် ရောင်းချရကြောင်း ဆည်ကျေးရွာမှ ခုံဖိနပ် လုပ်ငန်းလုပ်ကိုင်သူ ဦးကိုလင်းကပြောသည်။

ခုံဖိနပ်လုပ်ကိုင် သူများအနေဖြင့် တစ်ရက်လျှင် ခုံဖိနပ် ဆိုဒ်စုံ ၂၀ ရန်မှ ၂၅ ရန် အထိ ပြီးစီးကြပြီး၊ လုပ်အားခအနေဖြင့် ၇၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ရရှိကြသဖြင့် လုပ်ကိုင်သူများအတွက် အဆင်ပြေ ကြကြောင်းသိရသည်။

ထို့ပြင် ရောင်းချရာတွင်လည်း ဖောက်သည်များမှ အိမ်တိုင်ရာရောက် လာရောက် ဝယ်ယူကြသည့်အပြင်၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့များသို့ ကားဖြင့် တင်ပို့ ရောင်းချကြရကြောင်း သိရသည်။

ဖြိုးဝေ(ပြန်/ဆက်)