ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့၌ဈေးများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေး

ဗန်းမော် ဒီဇင်ဘာ ၁၂

ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ ဈေးများအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး အတွက် ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးတို့အတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ အမှတ် (၈၈) ခြေမြန် တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းကို၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ သီရိရတနာ (အမှတ်-၁)နှင့် အမှတ် (၂) တို့တွင် ဈေး‌ရောင်း၊ ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေခဲ့ကြပြီး Mask များ စနစ်တကျ တပ်ဆင် ရောင်း/ဝယ်မှုပြုကြရေး အသိပညာ ပေးကြကာ ဈေးများအဆင့်မြှင့်တင် ဆောင်ရွက်မည့် အစီအစဉ်များကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဈေးများ တိုးချဲ့မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အမှတ်(၁)ဈေးတွင် ပျံကျ ဈေးရုံများ တိုးချဲ့ဆောင်ရွက်သွားမည့် လျာထားအစီအစဉ်များနှင့် အမှတ်(၂) ဈေးအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က မြို့အင်္ဂါရပ်နှင့်အညီ ဈေးများအား သန့်ရှင်းသပ်ရပ်စွာ တိုးချဲ့၍ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ရေရှည်အတွက် အစီအမံများ ရေးဆွဲ ဆောင်ရွက်သွားရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများအား ဦးတည်အုပ်စုအလိုက် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုပရဟိတ အသင်းအဖွဲ့များ ဝိုင်းဝန်းစုပေါင်း၍ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေကို ကြည့်ရှုအားပေးခဲ့ကြပြီး ‌ထောက်ပံ့ငွေကျပ် ၂ သိန်းကို ထောက်ပံ့ပေးအပ်ကာ နှာခေါင်းစည်း Mask များကို ဖြန့်ဝေပေးအပ် ခဲ့ကြသည်။

ယင်းနောက် သာစည်ရပ်ကွက်အတွင်း ၁၃ ဧကကျော်ရှိသည့် ဂေါ်ရာကန်အား ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသာယာလှပစေပြီး အများပြည်သူအပန်းဖြေသည့် နေရာတစ်ခု ဖြစ်လာရေး စီမံဆောင်ရွက်ရာတွင် ကန်၏အစိတ်အပိုင်း တစ်ခုချင်းစီအလိုက် အဆင့်မြှင့်တင် ဆောင်ရွက်သွားရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပင်စင် ကုန်းလမ်းပေါ်ရှိ ခိုင်ခန့်မှုမရှိတော့သည့် ပေ ၁၃၀ အရှည် သစ်သားတံတား အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လမ်းတိုးချဲ့၍ သံကူကွန်ကရစ်တံတား တည်ဆောက်ပေးနိုင်ရေး ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ဗန်းမော်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တည်ဆောက်သွားမည့် အောက်ဆီဂျင်စက်ရုံ မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး စက်ရုံ တည်ဆောက်နိုင်ရေး လျှပ်စစ်မီးရရှိမှု အခြေအနေတို့အား မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ဆရာဝန် သူနာပြုများအတွက် ထောက်ပံ့ငွေများ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ဖိုးဒေဝကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်း ဆောင်ရွက် ပေးထားသည့် သုညသုခပရဟိတ လူငယ်အသင်းမှ တည်ထောင် ဖွင့်လှစ်ထားသည့် အောက်ဆီဂျင်စက်ရုံ သွားလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် စက်ရုံအတွင်း ပရဟိတလူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အောက်ဆီဂျင်စက် လည်ပတ်နိုင်မှု အခြေအနေနှင့် အောက်ဆီဂျင် ဖြန့်ဖြူးအသုံးချနိုင်မှု အခြေအနေတို့ မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ဒေါ်မြစိန်မိသားစု ဥစားကြက်မွေးမြူရေးခြံ၌ ကြက်များ မွေးမြူထားရှိမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေကို အားပေးပြောကြားပြီး မွေးမြူရေး အထောက်အကူပြု ဆေးဝါး ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)