ရန်ကုန် ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသား အရည်အချင်းပြည့်မှီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် များတွင် ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်တွင် လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ၊ လက်ရှိ ဒေသတွင်လည်း အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်နေ အသက် (၁၈) ပြည့်ပြီး၊ နိုင်ငံရေးကဒ်ပြားမရှိသူများ၊ ပျောက်ဆုံးသူများကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ် ပေးနေမှုကို ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် ဦးစီမှူးရုံးတွင် ဝန်ထမ်းများမှ ဆောင်ရွက် ပြုလုပ်ပေးလျက်ကြပြီး လိုအပ်သည်များကိုလည်း ပြည်သူများသိရှိနိုင်ရေး ရှင်းလင်းညှိနိူင်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။
အလားတူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျန်ရှိသော ရပ်ကွက်များသို့ နယ်လှည့်ကွင်ဆင်း၍ ဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရှိရသည်။