ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

ဇေယျာသီရိ  ဒီဇင်ဘာ ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ခေတ်အေးကျေးရွာ၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဇေယျာသီရိမြို့နယ် ဦးစီးမှူး ဦးစန်းလွင်က  လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊  လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူ များအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်သည့် ပြည်သူ များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်နေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု နယ်မြေဦးစီးမှူး  ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်၊   မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေထက်အောင် နှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးရာ ဇေယျာသီရိမြို့နယ်ဦးစီးမှူး ဦးစန်းလွင်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနေမှုအား လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။

 ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် သတ်မှတ်ချက်ဖြင့်ကိုက်ညီသည့် ခေတ်အေးကျေးရွာ အုပ်စုမှ ပြည်သူ(၈၅)ဦးကို နေ့ချင်းပြီး One Stop Service ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ဆောင်ရွက်လိုပါက  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ချိတ်ဆက်ပြီး မြို့နယ်ရုံးသို့ လာရောက် ပြုလုပ်နိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။ 

အေးလင်းထွန်း