တိုက်ကြီး ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ (TCRC)ဥက္ကဋ္ဌ ကိုယ်စား ဒုဦးစီးမှူး ဒေါ်အေးနန္ဒာကျော် က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ (TCRC) အတွင်းရေးမှူး ဒေါ်သင်းသင်းဆွေ (လူမှုဝန်ထမ်း-၂)က တိုက်ကြီးမြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ တိုက်ကြီးမြို့နယ် တော်ခရမ်းကျေးရွာတွင် ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် (၁၈)နှစ် အောက်ကလေးသူငယ်များနှင့် ပတ်သက်၍ အကူအညီလိုအပ်ပါက မိမိတို့၏ဌာနနှင့်ဆက် သွယ် ဆောင်ရွက် နိုင်ကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တိုက်ကြီးမြို့နယ် World Vision ရုံးတာဝန်ခံမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြို့နယ်အတွင်းရှိ World Vision ဝင်ထားသော ကျေးရွာ(၂၅)ရွာရှိ မိသားစုများအား ဆန်၊ ဆီ၊ ပဲ၊ ကွေကာအုပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးတွင် လိုအပ်သည့် လက်သန့်ဆေးရည်၊ ပါးစပ်၊ နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးခြင်း၊ အခြေခံပညာ ကျောင်း(၁၉) ကျောင်းတွင် ရေတိုင်ကီနှင့်လက်ဆေးဘေစင်(၃၁)လုံးအား ထောက်ပံ့ ပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံ(၁၀)စုံ၊ ပါးစပ်နှာခေါင်းစည်း Mask များနှင့် အရက်ပျံများ ထောက်ပံ့နိုင်ခဲ့ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် World Vision ရုံးချုပ်မှ ဦးစောမင်းသူက လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူ ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်၍ မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)