မိုင်းရယ်မြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် မြို့အဝင်အထွက် ယာဉ်များအား တင်းကြပ်စစ်ဆေး

မိုင်းရယ်   ဒီဇင်ဘာ    ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် ပိုးမိုဆိုးရွားစွာ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်တွင် မြို့အဝင်အထွက် ယာဉ်များအား တင်းကြပ်စွာစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ဖြတ်သန်းသွားလာသည့် ယာဉ်များအား ရပ်တန့်စေပြီး ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်များ စစ်ဆေးခြင်းနှင့် ဆေးထိုးနှံပြီးကြောင်း လက်မှတ် မပြနိုင်ပါက မြို့တွင်း ဖြတ်သန်းသွားလာခွင့်မပြုခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ သွားလာမှု မပြုစေခြင်း၊ မြို့အတွင်း ဝင်ရောက်လာသည့် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေး ထိုးနှံနေသည့်စုရပ်သို့ ချက်ခြင်းသွားရောက်၍ ထိုးနှံစေခြင်းနှင့် ယာဉ်မောင်းနှင့် နောက်လိုက်ခရီးသည်များအား စာရင်းရေးမှတ်ခြင်းများကို ဆောင်ရွက်သည်။

မိုင်းရယ်မြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၅၈) ဦးရှိပြီး ဆေးရုံဆင်း(၄၁၃) ဦး၊ သေဆုံး(၁၃)ဦးနှင့် ဆေးရုံတွင် ဆက်လက်စောင့်ကြည့်ကုသလျက်ရှိသူ (၃၂)ဦး ရှိကြောင်း မြို့နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇင်ထိုက်