တောင်ကြီးခရိုင်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

 

တောင်ကြီး ဩဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ဝါသနာရှင်များ စာအုပ်စာပေများ အလွယ်တကူရယူ ဖတ်ရှုနိုင် စေရန်၊ စာအုပ်စာစောင်ဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို တောင်ကြီးမြို့ရှိ ဌာနဆိုင်ရာများသို့ သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ Mobile Library စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အလုပ် သမားညွှန်ကြားရေးဦးစီးဌာန ၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စုပေါင်း ရုံးရှိ ဌာနဆိုင်ရာများသို့ သွားရောက်ကာ ဝန်ထမ်းများသို့ သုတ/ရသ စာအုပ်များကို ငှာရမ်းပေးခဲ့ကြောင်း၊ နှစ်ပတ်လျှင်(၁)ကြိမ်ဖြင့် စာအုပ်များ အသစ်လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ တောင်ကြီးမြို့နယ် စုပေါင်းရုံး၀င်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တွင်  ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်း ကိုလည်း တွဲဖက်ဖွင့်လှစ်ထားပြီး အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ အထိ နံနက်(၉:၃၀)နာရီ မှ (၁၆:၃၀)နာရီ အချိန်အတွင်း ဖွင့်လှစ်ပေးထားရာ မည်သူမဆို အခမဲ့ ဖတ်ရှု ငှားရမ်း နိုင်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်