မြစ်သား သြဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် သြဂုတ်လအတွက်ပင်စင်လစာများကို ယနေ့နံနက်(၇)နာရီခွဲအချိန်မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ မြစ်သားတစ်မြို့နယ်လုံးတွင် ပင်စင်စား ဦးရေ(၂၃၀၀)ကျော်ရှိပြီး အဆိုပါ ပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရှေးတန်းစခန်း(၆)ခု ဖွင့်လှစ်ထားရှိပြီး ရှေ့တန်းစခန်း တစ်ခုလျှင်(၁)ရက်စီ သတ်မှတ်၍ သြဂုတ် ၂၁ မှ စတင်ကာ နေ့စဉ်နံနက် (၇)နာရီခွဲအချိန်မှ ညနေ (၃)နာရီအထိ (၂၀) ဦး တစ်ဖြတ်စီဖြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူဖြစ်သော ပင်စင်စားများအနေဖြင့် ၎င်းပင်စင်လစာများအား ရုံးဖွင့်ရက် မည်သည့်ရက်မဆို လာရောက်ထုတ်ယူနိုင်ပါကြောင်း မြန်မာစီးပွားရေးဘဏ်တာဝန်ခံတစ်ဦးမှပြောပြ၍ သိရသည်။
ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ သတ်မှတ်ထားသော စည်းကမ်းများနှင့် ညွှန်ကြားချက်များအတိုင်း စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)