နောင်ချို သြဂုတ် ၂၁
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဒီမိုကရေစီထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲဆန္ဒရှင် များ မဲပေးခွင့်ရရှိရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရ သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက အခြေခံ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင်ပါဝင်နိုင်ရေး၊ နိုင်ငံသား တိုင်း မဲပေးနိုင်ရန် နိုင်ငံဝန်ထမ်းများဖြစ်သည့်ဌာနဆိုင်ရာများတွင်လည်း တာဝန်ရှိသည့်အတွက် ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့သည်။
၎င်းနောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက (၂၅-၇-၂၀၂၀)မှ(၁၄-၈-၂၀၂၀)ရက်နေ့ထိ ကြေငြာ ထားရှိပြီး ဖြစ်သော အခြေခံမဲဆန္ဒရှင်စာရင်းများနှင့်တိုက်ဆိုင်၍ မဲဆန္ဒရှင်ပြည်သူများ မကျန် ရှိစေရေးကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ်မဲစာရင်းကြေညာနိုင်ရေးအတွက် မြေပြင် ကွင်း ဆင်း စိစစ်ရေးနှင့် စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့များက ကွင်းဆင်း ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသောဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပက်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။
နောင်ချိုမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်နိုင်ရေးအတွက် မြို့နယ် အဆင့်မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုစိစစ်ကြီးကြပ်လုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် မြေပြင်ကွင်းဆင်း စိစစ်ရေးနှင့် စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ထွေးငယ်၊ နောင်ချို၊ ပြန်/ဆက်