ချီဖွေ သြဂုတ် ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် HPV (Human Papilloma Virus) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေး ဝန်ထမ်းများက လိုက်လံစာရင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
HPV (Human Papilloma Virus) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးမည် ဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးကို ထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း မွေးဖွားသူ (သို့မဟုတ်) အသက် (၉) နှစ်ပြည့်ပြီးမှ အသက်(၁၀) နှစ်အထိ မိန်းကလေးများ စာရင်းကိုကောက်ယူလျက်ရှိသည်။ သြဂုတ်လ (၂၁) ရက်နေ့အထိ မြို့ပေါ်(၄) ရပ်ကွက်နှင့် ကျေးရွာ၊ ကျေးရွာအုပ်စု ရှိမိန်းကလေးများ စာရင်း(၈၉)ဦး ကောက်ယူ နိုင်ပြီဖြစ်ကြောင်း အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၀)နှစ်အထိ မိန်းကလေးများ မကျန်ရှိစေရေး ချီဖွေမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် လျာထား ဆောင်ရွက်လျက်ရှိပြီး ချီဖွေမြို့နယ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၀) နှစ်အထိ မိန်းကလေးများစာရင်း ထည့်သွင်းလိုပါက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများထံ ထည့်ဝင်နိုင်ကြောင်း ချီဖွေမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာန သားဖွားဆရာမ ဒေါ်ဘောမ်ဝမ်ထံမှ သိရသည်။
နန်းမြင့်(မြို့နယ် ပြန်/ဆက်)