မိတ္ထီလာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ယာဉ်မတော်တဆမှု ၁၂၂ မှုဖြစ်ပွားခဲ့ပြီး၂၃၄ ဦး ဒဏ်ရာရရှိ၍ ၄၉ ဦးသေဆုံး

မိတ္ထီလာ သြဂုတ်လ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်ဝါရီလမှ ဇူလိုင်လအထိ ယာဉ်မတော်တဆမှု ၁၂၂ မှုဖြစ်ပွားခဲ့ပြီး ၂၃၄ ဦး ဒဏ်ရာရရှိ၍ ၄၉ ဦးသေဆုံးခဲ့ကြောင်း အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ သိရသည်။

မိတ္ထီလာမြို့နယ် အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မိတ္ထီလာ) မှ  ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကောင်းမွန်စေရေးနှင့် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်ဥပဒေကို ပြည်သူတွေကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်လျက်ရှိပြီး စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူမှုများ ဆောင် ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလုပ်ငန်း (၂၃) ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၀ ပြည်နှစ်အတွင်း စည်းကမ်းပျက် မော်တော်ယာဉ် (၄၆) စီးနှင့် မော်တော်ဆိုင်ကယ် (၂၅၃)စီးတို့ကို အရေးယူဆောင်ရွက်နိုင်ခဲ့ သည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိသော်လည်း မြို့နယ်အတွင်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိရာ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ  ယာဉ်မတော် တဆမှု ၁၂၂ မှုဖြစ်ပွားခဲ့ပြီး  ၂၃၄ ဦး ဒဏ်ရာရရှိ၍ ၄၉ ဦးသေဆုံးခဲ့ကြောင်း အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ ဒုရဲမှူး ရန်နိုင်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)