သာစည် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ သာစည်မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ဈေးအတွင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ ဈေးဆိုင်များတွင် မီးသတ်ဆေးဘူးများ ထားရှိရေး၊ ဆေးဗူးများကို စနစ်တကျ အသုံးပြုတတ်စေရေး၊ ပေါက်ပြဲနေသော ဝါယာကြိုးများ အသုံးမပြုကြရန် စသည်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျ ကြိုတင် ဆောင်ရွက်ထားရန်တို့ကို ပညာပေးဟောပြာပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းကို လက်တွေ့ပြသ ပူးပေါင်းလေ့ကျင့်သည်။ ထို့နောက် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ပုံကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ဈေးသူဈေးသားများက ပူးပေါင်းလေ့ကျင့် ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
သာစည်မြို့မဈေးကြီး၌ ဆိုင်ခန်းပေါင်း ၆၅၄ ခန်းရှိကြောင်း သိရပြီး မီးဘေး ကြိုတင် ကာကွယ်ရေး အတွက် ဂါလံ ၁၀၀၀ ဆန့်ရေစင်တစ်ခု၊ ဂါလံ ၁၀၀၀၀ ဆန့်နှင့် ဂါလံ ၃၀၀၀ ဆန့် မီးသတ်ရေကန်များနှင့် မီးသတ်ရေငုတ် ၁၂ ခုဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲနိုင်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ဈေးသူဈေးသားများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်