ကွမ်းခြံကုန်း ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဧရာမင်းမိုးစပါးစံကွက် ရိတ်သိမ်းခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ကံကြီး/မကျီးရပ်ကွက် ကွင်းအမှတ် ၃၇၂၊ ကုန်းပြတ်ကွင်းဦးပိုင် အမှတ် (၁၀/၁)တောင်သူ ဒေါ်နွဲ့နွဲ့၏ စပါးစိုက်ခင်း တွင် ကျင်းပခဲ့သည်။
စံကွက်ရိတ်သိမ်းရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြည်စိန်နှင့် ဝန်ထမ်းများက သက်လတ်အထွက်ကောင်းစပါးမျိုးဖြစ်သော ဧရာမင်း ရက်(၁၄၅)ရက် စိုက်ပျိုးထားရှိမှုနှင့် စပါးစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း တိုးတက် ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်ရွေး ချယ်စိုက်ပျိုးရန် စိုက်နည်းစနစ်မှန်ကန်၍ လိုက်နာရန်အချက်များ၊ သီးနှံဖျက်ပိုးရောဂါ ကြိုတင်ကာကွယ်ရေး နှိမ်နှင်းရန် နည်းလမ်း များ၊ မျိုးကောင်းရရှိအောင် ဆောင်ရွက်ရန်အချက်များနှင့် ထားသို ထိန်းသိမ်းစနစ်များကို ဒေသခံတောင်သူများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကံကြီး/မကျီးရပ်ကွက် တောင်သူဒေါ်နွဲ့နွဲ့ရီ လယ်မြေတွင် စိုက်ပျိုးထားရှိသော ဧရာမင်း စပါးအားစံကွက်ရိတ်သိမ်းရာ တစ်ဧကစပါးတင်းရေအစို (၇၄ဒသမ၃၈)တင်း၊ အခြောက်(၆၈ဒသမ၃၈) တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦး ရဲတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကြည်စိန်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်